စက်မှုလယ်ယာစနစ်ကူးပြောင်းပြီး မိုးစပါးများကို ကိုဘိုတာ(၆)တန်းသွားကောက်စိုက်စက်၊ လက်စွဲကောက်စိုက်များအသုံးပြု၍ စိုက်ပျိုး

ကျောက်ဆည် ဇူလိုင် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါးသီးနှံများစိုက်ပျိုးရာ၌ စက်မှုလယ်ယာစနစ်ကူးပြောင်း၍ စပါးသီးနှံများစိုက်ပျိုးခြင်းဖြင့် လုပ်သားအင်အား ရှားပါးမှုပြဿနာဖြေရှင်းနိုင်ခြင်း၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို စိုက်ပျိုးနိုင်ခြင်း၊ ကောက်ကွက်ပြည့်မီပြီး ပန်းတိုင်အထွက်နှုန်းရရှိခြင်း စသည့်အကျိုးကျေးဇူးများရနိုင်သည့်အတွက် ကောက်စိုက်စက်များအသုံးပြု၍ ပြောင်းလဲစိုက်ပျိုးလျက်ရှိကြောင်းနှင့် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ လက်ပံကျေးရွာအုပ်စု ကွင်းအမှတ်(၁၁၅-ခ၊ ဦးပိုင်အမှတ် ၁၃၇/၁၃၈) တောင်သူဦးသိန်းဇော်ဌေး၏ လယ်မြေ(၃)ဧကတွင် ကိုဘိုတာ(၆)တန်းသွားကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်စက်တို့ကို အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရုပ်ပြပွဲတွင် ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးရဲနောင်က ကိုဘိုတာ(၆)တန်းသွားကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်စက်များ အသုံးပြု၍ စပါးသီးနှံ စိုက်ပျိုးခြင်း ဖြင့်ပျိုးထောင်မှုကုန်ကျစရိတ်သက်သာလွယ်ကူခြင်း၊ ပျိုးသက်နုချိန်တွင် ပြောင်းရွှေ့ စိုက်ပျိုးခြင်းဖြင့် ကောက်ပင်သန်စွမ်းခြင်း၊ ကောက်ကွက်ပြည့်မီပြီး ကောက်ပင်မနာသဖြင့် ကောက်ပင် လှန်ရက်မစောင့်ရခြင်း၊ အချိန်၊ လုပ်သား၊ သွင်းအားစုများ သက်သာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်းနှင့် စက်ပိုင်းဆိုင်ရာ အချက်အလက်များအကြောင်းနှင့် သတိပြုလိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

သရုပ်ပြပွဲသို့ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးမိုးကျော်၊ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ(အင်းကုန်း)မှ စက်ရုံမှူးဦးမျိုးလွင်ဦး၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံစပါးစိုက်တောင်သူများ တက်ရောက်ခဲ့ပြီး ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနေမှုများအား စိတ်ပါ ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စုစုအေး၊ကျောက်ဆည်