အမရပူရ ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ရုံး၌ ယနေ့နံနက် ၇ နာရီခွဲအချိန်က နိုင်ငံဝန်ထမ်းအငြိမ်းစား(ပင်စင်စား)များအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် နံပါတ်ဆယ်လုံးပါ UID ကတ်များကိုနေ့ချင်းပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ UID ကတ်များကွင်းဆင်းဆောင်ရွက်နေမှုကို အမရပူရခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးမျိုးခိုင်၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးတင်ကိုကိုဝင်းနှင့် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာတို့က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား UID ကတ်နှင့်ပတ်သက်၍ သိရှိသင့်သည့်အချက်များကို နားလည်သဘောပေါက်အောင်ရှင်းလင်းပြီး အခက်အခဲများရှိက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စိုးသီဟ(အမရ)