မောက်မယ်မြို့နယ်၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မောက်မယ် ဇူလိုင် ၂၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မောက်မယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်) နှင်းဆီဆောင်ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သင်းသင်းနိုင်က သင်တန်းတက်ရောက်မည့် သင်တန်းသား/သင်တန်းသူများအား အမှာစကားပြောကြားရာတွင် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ယခုနှစ်ကုန်၌ ကျင်းပမည့်ရွေးကောက်ပွဲတွင် အသုံးပြုမည့်  မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်သည် မြန်မာ့ရွေးကောက်ပွဲသမိုင်းတွင် ပထမဆုံးအသုံးပြုမည့် မဲပေးစက်ဖြစ်ကြောင်း၊ မဲပေးစက်ကို အသုံးပြုခြင်းအားဖြင့် မဲပေးရာတွင် လွယ်ကူမြန်ဆန်ခြင်း၊ မဲပေးမှုနည်းလမ်းရိုးရှင်းလွယ်ကူခြင်း၊ အချိန်တိုအတွင်း မဲရလဒ်ရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များရရှိနိုင်ခြင်း၊ ပယ်မဲမရှိခြင်း၊ ရေရှည်တွင် ကုန်ကျစရိတ်လျော့ချနိုင်ခြင်း၊ ရွေးကောက်ပွဲရလဒ်ကိုလည်း အချိန်တိုအတွင်း ကြေညာပေးနိုင်မည်ဖြစ်ပြီး များစွာအကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများ၊ သင်တန်းသား/သင်တန်းသူ ဆရာ၊ ဆရာမများ၊ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များတက်ရောက်ကြပြီး မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ ဆရာ၊ ဆရာမများ (၆၃) ဦးတက်ရောက်ပြီး ဇူလိုင်လ (၂၈) ရက်နေ့အထိ သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)