ရပ်စောက် ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ရပ်စောက်) ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ခံ မြို့နယ်ပညာရေးမှူး ဦးဖုန်းမြင့်က သင်တန်းတက်ရောက်မည့် ဆရာ/ ဆရာမများအား အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးနိုင်းအွမ်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်သည်များကို Power Point များဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ အခမ်းအနားတက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် စမ်းသက်မဲပေးခြင်းများ လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆင့်ပွားသင်တန်းကို ဇူလိုင်လ ၂၁ ရက်နေ့မှ ဩဂုတ်လ ၁၃ ရက်နေ့အထိ (၂၂) ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ပြီး တစ်ကြိမ်လျှင် သင်တန်းသား ၆၀ ဦးနှင့်အထက် သင်တန်းကာလ (၂) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ရာ သင်တန်းတွင် MEVM စက်နှင့် ပါဝင်ပစ္စည်းများ ရှင်းလင်းသရုပ်ပြ၊ တပ်ဆင်/ ဖြုတ်သိမ်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ အထွေထွေရွေးကောက်ပွဲပြုလုပ်သော မဲရုံမှူးများအား MEVM စက်စစ်ဆေးရာတွင် လုပ်ဆောင်ရမည့်/ စိစစ်ရမည့်အချက်များ၊ စက်ရှိ ပရင်တာစက္ကူလိပ်တပ်ဆင်ပုံနှင့် ဘယ်ထရီတပ်ဆင်ပုံ၊ မဲပေးစက်ချို့ယွင်းပါက အရံစက် လဲလှယ်ရမည့်အခြေအနေလမ်းညွှန်၊ မဲပေးစဉ်အတွင်း အရေးပေါ်ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲရေတွက်ခြင်းဇယား၊ မဲရလဒ်ထုတ်ယူနည်းဇယား၊ မဲရုံမှူးဖြည့်သွင်းရမည့်ပုံစံများအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်