ရမည်းသင်းမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

ရမည်းသင်း ဇူလိုင် ၂

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရမည်းသင်းခရိုင် လျှပ်စစ်မန်နေဂျာရုံးမှ ခရိုင်လျှပ်စစ်မန်နေဂျာနှင့်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့က လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အ-ထ-က (မြို့မ)ကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် လျှပ်စစ်မန်နေဂျာရုံးမှ ခရိုင်လျှပ်စစ်မန်နေဂျာ ဦးစိုးနိုင်ဦးက လျှပ်စစ်သတိ၊ လျှပ်စစ်အသိရှိစေရေးအတွက် ယခုဟောပြောပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးသတိပြုရမည့်အချက်များ၊ လျှပ်စစ်ပစ္စည်းများကိုင်တွယ်အသုံးပြုရာတွင် သတိပြုရမည့်အချက်များ၊ လျှပ်စစ်စီးဝင်နိုင်သည့်ပစ္စည်းများ၊ လျှပ်စစ်စီးဝင်နိုင်ခြင်း မရှိသည့်ပစ္စည်းများ၊ ဓာတ်လိုက်ခံရပါက ပြုလုပ်ရမည့်အချက်များနှင့် ရှေးဦးသူနာပြု စုနည်းများကို ပရိုဂျက်တာများဖြင့်ပြသ၍ အသေးစိတ်ဟောပြောခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို​ ပြန်လည်မေးမြန်းခဲ့ကြသည်။

ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရမည်းသင်းခရိုင်မှထုတ်ဝေသည့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး  အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန္တာလင်း(ခရိုင်ပြန်/ဆက်)