ညောင်ရွှေ ဇူလိုင် ၂၁
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့မှ ဖွင့်လှစ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်က သင်းတန်းသား ဆရာ/ ဆရာမများအား သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းမှာကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မြသန္တာဌေးက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ကိုင်တွယ်အသုံးပြုနည်း၊ ပါဝင်သည့်အစိတ်အပိုင်းများ၊ စက်အသုံးပြုခြင်းကြောင့် ရရှိလာမည့် အားသာချက်များ စသည့်အကြောင်းအရာများကို ပရောဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် အခမ်းအနားတက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ခင်းကျင်းပြသထားသည့် မဲပေးစက်များကို လေ့လာကြည့်ရှု၍ လက်တွေ့စမ်းသပ်ခလုတ်နှိပ်မဲပေးခဲ့ကြသည်။ အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း (၁၀၀၈)ဦး တို့အား သင်တန်းတစ်ကြိမ်လျှင် သင်တန်းသား (၆၀)ဦးဖြင့် ဇူလိုင်လ (၂၁)ရက်နေ့မှ ဩဂုတ်လ (၂၈)ရက်နေ့အထိ သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ