မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်နည်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်

လွိုင်လင် ဇူလိုင် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ ခရိုင်လေ့ကျင့်ရေးအားကစားရုံတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ ဆင့်ပွားသင်တန်း‌ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ဖွင့်လှစ်ရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင် တက်ရောက်ကြည့်ရှုအားပေးပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် ဝန်ထမ်းများ၊ ပညာရေးဌာနမှ သင်တန်းသားဆရာ/‌ဆရာမများ တက်ရောက်ကြပါသည်။ ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီးနောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသိန်းနိုင်က MEVM မဲပေးစက်ဆိုင်ရာ အချက်အလက်များကို ပါဝါပွိုင့်ဖြင့် အသေးစိပ်ရှင်းလင်းပြောကြားသည်။ ယင်းနောက် သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသည့် အကြီးအကဲများမှ သိလိုသည်များမေးမြန်းကြပြီး စမ်းသပ်ဆန္ဒမဲပေးခဲ့ကြသည်။

အဆိုပါဆင့်ပွားသင်တန်းကို တစ်ကြိမ်လျှင် သင်တန်းသား(၆၀)ဦးဖြင့် (၈)ကြိမ်ခန့်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

လွိုင်လင်မိုး