မိုင်းပျဉ်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲနှင့် မဲပေးစက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

မိုင်းပျဉ်း ဇူလိုင် ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲနှင့် မဲပေးစက် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ရှေ့တန်းအမှတ်(၁)စစ်ဗျူဟာအဖွဲ့မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ပြည်သူလတ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းတို့က အဖွင့်အမှာစကားပြောကြားကြသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်အယ်လ်ခွန်းမိုင်က အီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်းကို Power Point ဖြင့်ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသူများမှ (MEVM) မြန်မာအီလက်ထရောက်နစ် မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းကို စိတ်ပါဝင်စားစွာ ဆောင်ရွက်ကြသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းသို့ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ထိန်းချုပ်စက်ကိုင်တွယ်မည့် သင်တန်းသူ၊သင်တန်းသား (၄၈၇)ဦးတက်ရောက်ကြမည်ဖြစ်ပြီး၊ သင်တန်းကို တစ်ကြိမ်လျှင် (၈၀) ဦးဖြင့် နှစ်ရက်ကြာကာ သင်တန်း (၈) ကြိမ်၊ သင်တန်းကာလမှာ (၂၁-၇-၂၀၂၅) ရက်နေ့မှ (၇-၈-၂၀၂၅) ရက်နေ့အထိ (၁၆)ရက်ကြာမြင့်မည်ဖြစ်သည်။ အခမ်းအနားသို့ စစ်ဗျူဟာမှူးနှင့် တပ်နယ်မှ အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)