ကျိုင်းလပ်မြို့၌ အမှိုက်များစနစ်တကျစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုင်းလပ် ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အမှိုက်များစနစ်တကျစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ကျိုင်းလပ်မြို့ အခြေခံပညာအထက်တန်းကျောင်း(ဝမ်နတ်)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျိုင်းလပ်မြို့နယ်ခွဲစည်ပင်သာယာရေးဌာနမှ မြို့နယ်ခွဲတာဝန်ခံ ဦးအားထူယာက အသိညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမှိုက်ပုံးနှင့် အမှိုက်အိတ်များ လွှဲပြောင်းပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် အခြေခံပညာအထက်တန်းကျောင်း(ဝမ်နတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေလွင်က ကျောင်းသန့်ရှင်းသာယာလှပရေးနှင့်ပတ်သက်၍ အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်စေရေး အသိပညာပေး ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျိုင်းလပ်မြို့နယ်ခွဲစည်ပင်သာယာရေးဌာနမှ မြို့နယ်ခွဲတာဝန်ခံ ဦးအားထူယာမှ အခြေခံပညာကျောင်းများတွင် အမှိုက်များစနစ်တကျစွန့်ပစ်ခြင်း အသိပညာပြန့်ပွားလာစေရေး အမှိုက်ပုံးနှင့် အမှိုက်အိတ်များကို ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားတွင် ကျိုင်းလပ်မြို့နယ်ခွဲ စည်ပင်သာယာရေးဌာနက ထုတ်ဝေထားသော အမှိုက်များစနစ်တကျခွဲခြားစွန့်ပစ်ခြင်း ပညာပေးလက်ကမ်းစာစောင်များကိုလည်း  ကျောင်းသား/ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

စန်းစန်းမြင့်(ပြန်/ဆက်)