သာကေတမြို့နယ် ရွှေမြန်မာရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

သာကေတ ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ၃/ရန်ပြေရပ်ကွက်၊ ရွှေမြန်မာရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇူလိုင် ၂၀ ရက် မွန်းလွဲ ၁၂ နာရီခွဲက အဆိုပါမြို့နယ် အမှတ် ၃ /ရန်ပြေရပ်ကွက်၊ ရန်ပြေလမ်းမကြီးနှင့် ရန်ပြေ ၂၂ လမ်းထိပ်ရှိ ရွှေမြန်မာရောင်းဝယ်ရေးသမဝါယမအသင်းပိုင် အဆောက်အဦ၌ကျင်းပရာ သာကေတမြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်သီတာဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌဦးလှကြည်နှင့်တာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ ရွှေမြန်မာရောင်းဝယ်ရေး သမဝါယမအသင်းအလုပ်အမှုဆောင်များ၊ အသင်းသားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရွှေမြန်မာရောင်းဝယ်ရေးသမဝါယမအသင်း ဥက္ကဋ္ဌဦးစံမြိုင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် သာကေတမြို့နယ် သမဝါယမဦးစီးဌာနဦးစီးအရာရှိဒေါ်သီတာဦးက သမဝါယမလုပ်ငန်းဆိုင်ရာများကို ပြောကြားသည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အမှု ဆောင်အဖွဲ့၏ အစီရင်ခံစာနှင့်ဘဏ္ဍာရေးရှင်းတမ်းကို ရွှေမြန်မာရောင်းဝယ်ရေးသမဝါယမအသင်းဒုတိယဥက္ကဋ္ဌ ဦးအေးလှိုင်ကလည်းကောင်း၊ အသင်းသားစာရင်းစစ်အစီရင်ခံစာကို အသင်းသားစာရင်းစစ် ဦးတင်မောင်ရီကလည်းကောင်းဖတ်ကြားပြီး အတည်ပြုချက်များရယူခဲ့သည်။ ထို့နောက် သဘာပတိဦးစံမြိုင်ကနိဂုံးချုပ်စကားပြောကြားခဲ့သည်။ အစည်းအဝေးအပြီးတွင် အသင်းသား ၄၀၂ ဦးအား တစ်ဦးလျင် အကျိုးဝေစုနှစ်သောင်းကျပ်နှုန်းဖြင့် စုစုပေါင်း (၈၀၄၀၀၀၀)ကျပ်ကို ခွဲဝေပေးခဲ့သည်။

မြို့နယ်(ပြန်/ဆက်)