မိုင်းကိုင် ဇူလိုင် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ် အသုံးပြုနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းသန္တာဦးက မဲပေးစက်နှင့်ပတ်သင်သည့် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ မဲပေးချက်ဖော်ပြစက် အကြောင်းအရာများကို ရှင်းလင်းပြောကြားကာ အခမ်းအနားသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်ခလုတ်နှိပ်မဲပေးခဲ့ကြသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း ၄၄၄ ဦးတို့ကို တစ်ကြိမ်လျှင် သင်တန်းသား ၆၀ ဦးဖြင့် ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်တန်းနည်းပြများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချော(မိုင်းကိုင်)