လင်းခေး၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် (ဒုတိယအကြိမ်) ကျင်းပ

လင်းခေး ဇူလိုင် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၏ ဒုတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၇ နာရီခွဲက လင်းခေး- မိုင်းပန်သွားလမ်း ပြည်ထောင်စုလမ်းမကြီးနံဘေး၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါစိုက်ပျိုးပွဲမကျင်းပမီ လင်းခေးမြို့တပ်နယ် (လင်းခေး) မှ တပ်နယ်မှူး ဗိုလ်မှူးကြီးကျော်ထွန်းလတ်၊ လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ခရိုင်သစ်တောဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဝင်း (လက်ထောက်ညွှန်ကြားရေးမှူး) တို့က ပျိုးပင်များ ပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့ကြပြီး စုပေါင်းသစ်ပင် စိုက်ပျိုးခဲ့ကြပါသည်။

ဆက်လက်၍ တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က တက်ရောက်လာသူများ သစ်ပင်စိုက်ပျိုးနေမှုအခြေအနေအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ စိုက်ပျိုးပွဲကို ရုတ်သိမ်းလိုက်သည်။ ယနေ့စိုက်ပွဲတော်တွင် ရတနာတန်းဝင်ကျွန်းပင်၊ မာတာကွတ်ပင်နှင့် စိန်ပန်းနီ (၄၀၀) ပင်အား တစ်ပျော်တစ်ပါးစုပေါင်း စိုက်ပျိုးခဲ့ကြသည်။ စိုက်ပျိုးပွဲသို့ တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူးများနှင့် ဝန်ထမ်းများ စုစုပေါင်း (၂၀၀ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်း ခေး)