ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  (Youth Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပ

ဒဂုံတောင် ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်လူရွယ်များ စာပေအသိပညာ ဖွံ့ဖြိုးစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှင်သန်ခိုင်မြဲစေ‌ရန် ရည်ရွယ်၍ ယနေ့နံနက် ၁၁ နာရီက စာရေးဆရာကြီး အောင်သင်း ရေးသားသည့် “လူငယ်များသို့မင်္ဂလာပါ” စာအုပ်အား လူငယ်လူရွယ် စာပေဝါသနာရှင်များကို ဖိတ်ခေါ်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Youth Club စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးက ယနေ့လူငယ်လူရွယ်များ စာပေအသိပညာဖွံ့ဖြိုးစေရေးအတွက် လစဉ်စာပေဝါသနာရှင်များကို ဖိတ်ခေါ်ကာ စာပေဆွေးနွေးပွဲ ကျင်းပဆောင်ရွက်နေမှုများနှင့် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချပြီး စာပေလေ့လာဖတ်ရှုခြင်းဖြင့် ရရှိလာမည့် စာပေအကျိုးကျေးဇူးများအကြောင်းကို အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားပြီး စာအုပ်ပါ အကြောင်းအရာများဖြစ်သည့်  (၃၈) ဖြာ မင်္ဂလာတရားတော်များကို အခြေခံပြီး မျက်မှောက်ခေတ် အဖြစ်အပျက်များနှင့် နှိုင်းယှဉ်ဖော်ပြထားသော စာပေသိမှတ်ဖွယ်ရာများကို တက်ရောက်လာသော လူငယ်များက ပြန်လည်မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ကြသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ စာပေအသိပညာ တိုးပွားစေရန်အတွက် ဖတ်ရှုလေ့လာသင့်သည့် သုတရသ စာအုပ်ကောင်းများကို ရွေးချယ်ကာ စာပေချစ်မြတ်နိုးသူလူငယ်များနှင့် စာဖတ်လိုသော လူငယ်များကို ဖိတ်ခေါ်၍ လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများကို အရှိန်အဟုန်မြှင့် ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျောင်းနေအရွယ်‌ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက်ကိုလည်း အွန်လိုင်းစနစ်ဖြင့် ကဗျာရွတ်အစီအစဉ်၊ စာအုပ်မိတ်ဆက် အစီအစဉ်နှင့် ပုံပြင်ပြောခြင်း အစီအစဉ်များကို အပတ်စဉ် ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးအောင်