မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) နှစ်ပတ်လည်အသင်းသားစုံညီ သင်းလုံးကျွတ် အစည်းအဝေး ကျင်းပ

ရန်ကုန် ဇူလိုင် ၂၀

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) နှစ်ပတ်လည်အသင်းသားစုံညီ သင်းလုံးကျွတ်အစည်းအဝေး(2025-AGM)ကို ဇူလိုင် ၂၀ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ အရှေ့မျဉ်းပြိုင်ကွင်းလမ်းရှိ Sky Star ဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် MRESA သီချင်းသီဆိုခြင်း၊ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)နှင့် တိုင်းဒေသကြီးပြည်နယ်ခရိုင်များမှ အသင်းသားများက မိတ်ဆက်အင်အားပြသခဲ့ပြီး မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးခင်မောင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် MRESA-2025 AGM ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါ်မိုးမိုးထွန်းမှ နှစ်ပတ်လည် အသင်းသားစုံညီ သင်းလုံးကျွတ်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ကြိုးစားခဲ့မှုနှင့် ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ အမေရိကန်နိုင်ငံ National Association of Realtor (NAR) ၏ BOD ဖြစ်သူ Vicky Silvano ၊ ARENA ၏ S.G Mr.Soma Sundram ၊ Thai Real Estate Broker Association (TREBA) ၏ President Mr.Prawit Anusiriမှ ဂုဏ်ပြုဝမ်းမြောက်စကားပြောကြားခဲ့သည်။

ယင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး၀န်ကြီးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ဂုဏ်ထူးဆောင်နာယက ဦးသိန်းလှညိုမှ အမှာစကားပြောကြားခဲ့ပြီး ၂၀၂၄-၂၅ ဘဏ္ဍာရေးရှင်းတမ်းနှင့် စာရင်းစစ်အစီရင်ခံစာအား ဖတ်ကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှ ဖွဲ့စည်းထားသော နေပြည်တော်ကောင်စီ တိုင်းဒေသကြီး၊ ပြည်နယ်ခရိုင်ဥက္ကဋ္ဌများအား မိတ်ဆက်ပေးခြင်း၊ နေပြည်တော်ကောင်စီ တိုင်းဒေသကြီး ပြည်နယ်ခရိုင်များအား စွမ်းဆောင်ရည်ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်