ဒဂုံဆိပ်ကမ်း ဇူလိုင် ၂၀
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁၆၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးကျော်က နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်နိုင်ရေး ရပ်ကွက်နေ ပြည်သူလူထုလက်ဝယ်အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မှတ်ပုံတင်ကတ် ရရှိသူများအား ဂဏန်း(၁၀)လုံးပါဝင်သည့် UID ကတ်များပြုလုပ်ပေးနိုင်ရေး ဇီဝဆိုင်ရာအချက်အလက်များ စိစစ်ကောက်ယူ၍ UID နံပါတ်ထုတ်ပေးခြင်းကိုလည်း နေ့ချင်းပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့သည်။ ထို့နောက် ပန်းခင်းစီမံချက်ဖြင့် ထုတ်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၂၁ ကတ်အား မြို့နယ်လဝကဦးစီးမှူး ဦးအေးကျော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသူနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်တို့က ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် UID ကတ်များပြားများအား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။
အမှတ်(၁၆၈)ရပ်ကွက်အတွင်း ကျန်ရှိသည့် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်း ပြည့်မီသူများအား လက်ထောက်လဝကမှူး ဦးရဲမြင့်နှင့်အဖွဲ့က ဆက်လက်ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)