ညောင်ရွှေ ဇူလိုင် ၂၀
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောသယံဇာတရေရှည်တည်တံ့စေရန် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်နှင့် အင်းလေးကန်ရေဝေရေလဲဒေသတွင် သစ်တောများပြန်လည်ဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၅-ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ (၂၀) ရက်၊ နံနက် (၇) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ရွာသာကျေးရွာအုပ်စု ရွှေဓားဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။
အခမ်းနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်စွာလင်းက အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ဒေသသံပြည်သူ တစ်ဦးထံသို့လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးကိုကိုမောင်က ဌာနဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းဦးက ဒေသခံပြည်သူတစ်ဦးထံသို့လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်မွန်ဦးက ဒေသခံပြည်သူတစ်ဦးထံသို့လည်းကောင်း ပျိုးပင်များကို အသီးသီးပေးအပ်ခဲ့သည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသူများက တပျော်တပါး စုပေါင်းသစ်ပင်များ စိုက်ပျိုးခဲ့ကြကြောင်းနှင့် အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မာတာကွတ်ပျိုးပင် (၁၇၀) ပင်၊ ပြည်လုံးချမ်းသာပျိုးပင် (၁၅၀) ပင်၊ အာဖကန်ကျူးလစ်ပျိုးပင် (၁၀၀) ပင်၊ စိန်ပန်းပြာပျိုးပင် (၁၀၀) ပင်၊ စိန်ပန်း နီပျိုးပင် (၃၀) ပင် စုစုပေါင်းပျိုးပင် (၅၅၀) ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ