ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာရှိ မိုင်းသောက်တံတားပြင်ဆင်ပြီးစီး ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ လာရောက်အပန်းဖြေလည်ပတ်နိုင်

ညောင်ရွှေ ဇူလိုင် ၂၀

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာအုပ်စု မိုင်းသောက်ကျေးရွာနှင့် အင်းလေးကန်ရေပြင်ရှိ မိုင်းသောက်အင်းကျေးရွာတို့အားဆက်သွယ်ထားသည့် အရှည်ပေ (၁၈၀၀) ရှိ မိုင်းသောက်တံတားသည် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်အပန်းဖြေလည်ပတ်ရာ အထင်ကရခရီးသွားနေရာတစ်ခုဖြစ်ပြီး တံတားပေါ်တွင်လည်ပတ်ခြင်း၊ ဒေသအစားအစာ များ သုံးဆောင်ခြင်း၊ စက်တပ်လှေငယ်များစီး၍ မိုင်းသောက်အင်းရွာနှင့်ဝန်းကျင်စိုက်ခင်းများ လေ့လာလည်ပတ်ခြင်း၊ ဒေသခံတိုင်းရင်းသားတို့၏ ဓလေ့စရိုက်များကို စူးစမ်းလေ့လာခြင်း၊ သဘာဝပတ်ဝန်းကျင် အလှရှုခင်းများခံစားခြင်းတို့ကို မိသားစုလိုက်ဖြစ်စေ၊ အဖော်အပေါင်းများနှင့် အုပ်စုဖွဲ့၍ဖြစ်စေ လာရောက်လည်ပတ်ကြပြီး စည်ကားခဲ့သောနေရာတစ်ခုဖြစ်သည်။

ဒေသခံအချို့သည် မိုင်းသောက်တံတားသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်များအား အမီပြု၍ စားသောက်ဆိုင်များနှင့် ဒေသလက်ဆောင်အမှတ်တရ ပစ္စည်းဆိုင်များဖွင့်လှစ်ခြင်း၊ စက်တပ်လှေငှားရမ်းခြင်း၊ ဧည့်လမ်းညွှန်ခြင်းအစရှိသသည့် လုပ်ငန်းများဖြင့် မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားကြရပြီး ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့က အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် မိုင်းသောက်တံတားသည် အခင်းများနှင့်တိုင်များ ကျိုးပဲ့ခြင်း၊ နားနေဆောင်များ၊ တိုင်အချို့ယိုင်နဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု ရပ်ဆိုင်သွားခဲ့ရသည်။

ယခုအပါ အဆိုပါမိုင်းသောက်တံတားကြီးအား ပြုပြင်မွမ်းမံမှုလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်သည့်အတွက် ခရီးသွားဧည့်သည်များအနေဖြင့် ပုံမှန်လာရောက်လည်ပတ်ပြီး စိတ်အေးချမ်းသားစွာ အနားယူအပန်းဖြေနိုင်ပြီဖြစ်ကြောင်းနှင့် မိုင်းသောက်တံတားအပြန်ခရီးတွင် ရွှေလဖုန်းကျေးရွာရှိ RED MOUNTAIN ဝိုင်ခြံသို့ ဝင်ရောက်လည်ပတ်၍ အင်းလေးကန်၏ ညနေဆည်းဆာချိန်ကို ခံစားနိုင်ပြီဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ