မောက်မယ် ဇူလိုင် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့က ကြီးမှူး၍ ၂၀၂၅ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့၌ ဘဝနတ်ထံပျံလွန်တော်မူသွားသော မောက်မယ်မြို့နယ် သံဃနာယကအဖွဲ့အကျိုးတော်ဆောင် နန်းဖတ်ခုမ်စေတီကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ သက်တော် (၈၁) နှစ်၊ ဝါတော် (၄၄) ဝါ အန္တိမအဂ္ဂိစျာပနတရားတော်နာရေစက်ချအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲက အဆိုပါနန်းဖတ်ခုမ်စေတီကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် သံပြိုင်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး လွိုင်လင်မြို့ သာသနဝိပုလ္လဓါတ်တော်ကျောင်းတိုက် နိုင်ငံတော်သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဆရာတော်ဘုရားကြီး ဒေါက်တာပညာနန္ဒထံမှ သရဏဂုံ (၃) ပါးနှင့် ငါးပါးသောသီလတော်မြတ်ကို ခံယူဆောက်တည်ပြီး နန်းဖတ်ခုမ်စေတီကျောင်း ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်းအား ဖတ်ကြားတော်မူ၍ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ပရိတ်တရားတော်များ နာယူပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ဆက်လက်ပြီး ပျံလွန်တော်မူသွားသောဆရာတော်ထက် သိက္ခာဝါငယ်သော သံဃာတော်များနှင့် ဒကာဒကာမအပေါင်းတို့က ဆရာတော်၏ ရုပ်ကလာပ်တော်အား ကန်တော့တောင်းပန်၍ မွေတော်သုဿန်သို့ ဆရာတော်သံဃာတော်များ၊ ဓမ္မစကြာဝတ်ရွတ်အသင်းနှင့် ဒကာဒကာမများတို့က ပင့်ဆောင်ကာ မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)