မဟာအောင်မြေ ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆ လမ်း၊ ၇၁×၇၂ လမ်းကြား၌ ဇူလိုင် ၁၉ ရက်နေ့ ည ၇ နာရီ ၅၃ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆ လမ်း၊ ၇၁×၇၂ လမ်းကြား၊ (၁၅×၂၀)ပေ၊ နံကပ် (၂)ထပ်၊ အဆောက်အဦ၏ အပေါ်ထပ်တွင် Bluetooth Speaker Box အားသွင်းထားရာမှ ဘတ္ထရီပွင့်ထွက်ပြီး အနီးရှိ အဝတ်အစားများသို့ မီးကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၎င်းမီးလောင်မှုကြောင့် လူနေအိမ် (၈) လုံးမီးလောင်ဆုံးရှုံးခဲ့ရာ လူနှင့်တိရိစ္ဆာန် သေဆုံးမှု မရှိကြောင်း သိရပြီး ၎င်းမီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူ အိမ်ထောင်စု (၁၃) စု၊ ကျား (၁၅) ဦး၊ မ (၂၂) ဦး၊ ပေါင်း (၃၇) ဦးတို့အား ၃၇×၃၈ လမ်းကြား၊ ၇၀x၇၂ လမ်းကြား၊ စီးတော်မြင်းဝင်ကျောင်းတိုက်အတွင်းရှိ ဗိမ္မာန်တွင် ပြောင်းရွေ့နေထိုင်နိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညွန့်ဝင်းအောင်တို့ ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၇၀) ဦး၊ စုစုပေါင်း (၁၀၀) ဦးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုအား Level -1 ယာဉ်အုပ်စု မီးငြှိမ်းသတ်ယာဉ် (၁၀) စီး၊ မီးသတ်ရေသယ်ယာဉ် (၅) စီး၊ အုပ်ချုပ်မှုယာဉ် (၂) စီး၊ စုစုပေါင်း (၁၇) စီး၊ ရေဂါလံ (၁၀၀၀၀) ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၁၆ မိနစ်အချိန်ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အောင်ဇော်မင်း