ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု

ညောင်ဦး ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းများ ပြီးမြောက်မှုအခြေအနေတို့အား ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပုဂံမြို့၊ သီရိပစ္စယာရပ်ကွက်၊ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီးတွင် ငြိမ်းချမ်းရေးခေါင်းလောင်းတော်များ တပ်ဆင်လှူဒါန်းနိုင်ရန် ပုံစံဒီဇိုင်းနှင့်ပတ်သက်၍ လောကနန္ဒာစာသင်တိုက်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်‌ဆောင် အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တမေဃိယထံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးညီမွန်း၊ ခရိုင်သာသနာရေးမှူး ဦးနေလင်းသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များက လျှောက်ထားတင်ပြခဲ့ကြပြီး ဆရာတော်ထံမှ ဩဝါဒခံယူခဲ့ကြပြီး  လောကနန္ဒာစွယ်တော်မြတ်စေတီတော်သို့ တက်ရောက်ဖူးမြှော်ကြည်ညို၍ ရင်ပြင်တော်အမြင်တင့်တယ်စေရေး၊ ဘုရားဖူးလာရောက်သူများ စိတ်အေးချမ်းသာစွာဝတ်ပြုနိုင်ရေးတို့အား ဆောင်ရွက်နိုင်ရန်မှာကြားခဲ့သည်။ ထို့နောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)၏ ကြီးကြပ်မှုဖြင့် တာမဏီသိမ်တွင်  သံပန်း၊ ငှက်လုံ ဇကာတပ်ဆင်ထားခြင်းနှင့် လျှပ်စစ်မီးစနစ်တကျ သွယ်တန်းဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးဆိုင်များ စနစ်တကျရောင်းချစေရေးတို့အား သက်ဆိုင်ရာမှ ကြီးကြပ်ဆောင်ရွက်ကြရန်တို့အား မှာကြားခဲ့သည်။

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ဆောင်ရွက်လျက်ရှိသည့် ဧရိယာ(၁၁)ပိုင်း ခွဲခြားသတ်၍ သန့်ရှင်းရေးဆောင်ရွက်လျက်ရှိသည့် ကုသိနာရုံဘုရားအနီးဝန်းကျင် ဧရိယာ G နှင့် H တွင် Back Hole ဖြင့် သစ်ငုတ်များ တူးဖော်ဖယ်ရှား ရှင်းလင်းဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး တောင်ဘက်နှင့် မြောက်ဘက်အာရုံခံတန်စောင်းမျက်နှာကျက်များအား ထိုင်ဝမ်ရွှေဆိုင်းဖြင့်  အရောင်တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ တောင်ဘက်အာရုံခံတန်စောင်းမျက်နှာကျက်များ ရွှေမိုက်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခြင်းနှင့် အာနန္ဒာ‌‌ဘုရားကြီး၏ ကွမ်းထောင်တော်၊ အထွဋ်စေတီ‌တော်၊ မုခ်ကပ်ဆင်းတုတော် (၂၀)နှင့် နတ်ရုပ်ကြီးများအား ရွှေသင်္ကန်းကပ်လှူနိုင်‌ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ဖူးမြော်ကြည်ညို၍ အရံစေတီ(၄)ဆူအား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီးနောက် အာနန္ဒာဘုရားအာရုံခံတန်ဆောင်းအတွင်း  ဈေးဆိုင်ခန်းများအား ပြင်ပတွင် စနစ်တကျနေရာချထားနိုင်ရေး မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ခဲ့ပြီး ဓမ္မရံကြီးဘုရားမြောက်ဘက် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူနိုင်ရေးနှင့် အနောက်ဘက်ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား ပြုပြင်ထိန်းသိမ်းခြင်းနှင့် ရောင်တော်ဖွင့်ခြင်းလုပ်ငန်းများအား အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ကြီးကြပ်မှုဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း