မှော်ဘီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မှော်ဘီ ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းအခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၈ ရက်နေ့ နေ့လယ်(၁)နာရီ အချိန်တွင် မှော်ဘီတပ်ကြီးကုန်း အ.ထ.ကခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန်​မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် လူငယ်နှင့်မူးယစ်ဆေးဝါးအကြောင်းအရာမျာအားလည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးနေလင်း(စာရေးဆရာမောင်ချိုဝေ)က “ဗိုလ်ချုပ်ဘာကြောင့် တော်သနည်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားမှူး ဦးဇော်ဇော်နိုင်က “လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်။

ယင်းနောက် တပ်ကြီးကုန်း အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်ကြည်က တက်ရောက်လာကြသော ဧည့်သည်တော်များအား ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာပေဖတ်ရှုချင်စိတ်ဖြစ်ပေါ်လာစေရန်အတွက် သုတ/ရသ စာအုပ်၊ စာစောင်များ ပြသဆောင်ရွက်ထားရှိမှုအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)