တောင်ကြီး ဇူလိုင် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ သာသနာ့လင်္ကာကမ္ဘောဇသာသနာ့ဗိမာန် (၅)ထပ်ဆောင်၌ ယနေ့ နံနက် ၁၀ နာရီခွဲက (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ သည်။
ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ခဲ့ပြီး စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာ နာစရိယဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ထံမှငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်များရွတ်ဖတ်သော ပရိတ်တရားတော်များနာယူကြသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မဟာဓမ္မိကာယာမကျောင်းတိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဆရာတော် ဘဒ္ဒန္တဓမ္မာနန္ဒာဘိဝံသထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေသည်။
၎င်းနောက် တက်ရောက်လာသူများက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုတ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်၁၀ နာရီ ၃၇ မိနစ်ချိန် မှ ၁၀ နာရီ ၄၀ မိနစ်အချိန်ထိ (၇၈)နှစ်မြောက် အာဇာနည်နေ့ဝမ်းနည်းခြင်း အထိမ်းအမှတ်ဥဩဆွဲခြင်းများကို ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန် ဦးစီးပြီး ပြည်နယ်/ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း (၅၀)ဦးသည် အဖွဲ့များခွဲ၍ တောင်ကြီးမြို့၊ ဗိုလ်ချုပ်ပန်းခြံအနီး၊ မြို့မဈေးအနီးလမ်းဆုံ၊ မြင်းရုပ်မီးပွိုင့်လမ်းဆုံ၊ အရှေ့မြို့ပတ်လမ်းရှိ Bugger house စားသောက်ဆိုင်အနီးလမ်းဆုံ၊ မြကန်သာပန်းခြံလမ်းဆုံ၊ အမှတ်(၅)စျေးလမ်းဆုံ၊ အနောက်မြို့ပတ်လမ်းရှိ Cherry Queen hotel လမ်းဆုံ၊ ဝါးပြားလမ်းဆုံ Ayeyarwady Café လမ်းဆုံတို့၌ မီးသတ်ယာဉ် (၉)စီးတို့ဖြင့် (၇၈) နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥဩဆွဲခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)