တောင်ဥက္ကလာပမြို့နယ်၌ အမျိုးသမီးများအား တရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ သွေးဆောင်ဖြားယောင်း ခိုးယူမှုများ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေး ဟောပြောပွဲ ကျင်းပ

တောင်ဥက္ကလာပ ဇူလိုင် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် အမျိုးသမီးရေးရာအဖွဲ့မှစီစဉ်ကျင်းပသော ခရိုင်အတွင်းရှိ မြို့နယ်များမှ အမျိုးသမီးများအားတရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ သွေးဆောင်ဖြားယောင်းခိုးယူမှုများ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှ  ဒုရဲအုပ်အိချို‌ဇော်က လူကုန်ကူးမှုနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ဥပဒေရုံး၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးညီညီထွန်းက  အမျိုးသမီးများနှင့်ပတ်သက်သည့်အခွင့်အရေးများ၊ အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍လည်းကောင်း အသိပညာပေးရှင်းလင်းဟောပြော ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ အသိပညာပေးဟောပြောခဲ့ကြသူများအား တောင်ဥက္ကလာပမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မိုးအိစံက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများသည် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခန်းမအတွင်းခင်းကျင်းပြသထားသော တရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ် မုဒိမ်းမှု၊ သွေးဆောင်ဖြားယောင်းခိုးယူမှုများအား ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာ ပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မိုးအိစံနှင့်အဖွဲ့ဝင်များ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသူလေးများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခင်ဆွေနှင်း( ပြန်/ဆက် )