ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားလေဆိပ် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်၊ မန်ခိန်ရပ်ကွက်၊ နယ်မြေ(၁၁)အတွင်းရှိ စန်းကားယာယီစခန်းနေ မိသားစုများအား သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့

မြစ်ကြီးနား ဇူလိုင် ၁၉

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်မြစ်ကြီးနားမြို့ သန့်ရှင်းသာယာပြီး စိမ်းလန်းစိုပြည်စေရေး ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့် ပူပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၇)နာရီက မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်း‌ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့်အတူ ပြည်နယ်မီးသတ်ဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် စိမ်းလန်းအဖွဲ့များက မြစ်ကြီးနားလေဆိပ်ဝင်း VIP ဆောင်နှင့် အများပြည်သူ ဝင်/ထွက်သွားလာရာ လေဆိပ်အဆောက်အဦဝန်းကျင်ရှိ ပန်းခြံငယ်များရှိ အလှပန်းပင်များနှင့် ပန်းခြုံများအား လှပအောင် ပြုပြင်ခုတ်ထွင်ရှင်း၊ အမှိုက်များနှင့် မျက်ရိုင်းများ ရှင်းလင်းပေးခြင်းတို့ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ လေဆိပ်ဝန်ထမ်းအိမ်ရာဘေးရှိ သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့နောက် လေဆိပ်ပင်မအဆောက်အဦအတွင်း ခရီးသွားပြည်သူဆိုက်ရောက်ရာ အခန်းအတွင်း၌လည်းကောင်း၊ လေဆိပ်အဆောက်အဦ စစ်ဆေးရေးဂိတ်များ၌လည်းကောင်း၊ ထွက်ခွာရန်စောင့်ဆိုင်းသော အခန်း၌လည်းကောင်း သန့်ရှင်းသပ်ရပ်၍ ထိုင်ခုံများစနစ်တကျရှိစေရေး၊ လေအေးပေးစက်များ ကောင်းမွန်အောင် ပြင်ဆင်ထားရှိရေးနှင့် ခရီးသွားပြည်သူများ သက်တောင့်သက်သာဖြင့် အနားယူသွားလာနိုင်ရေး ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် လေဆိပ်တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများအကြား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ညနေပိုင်းက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်၊ နယ်မြေ(၁၁)၊ ပြည်နယ်လွှတ်တော်ရုံးအနီးတွင် ဝိုင်းမော်မြို့နယ်အတွင်း အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်လာသော စန်းကားကျေးရွာမှ အိမ်ထောင်စုများအား  ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် နေရာချထားပေးခဲ့သော စန်းကားယာယီတိမ်းရှောင်စခန်းသို့ သွားရောက်၍ အိမ်ထောင်စုများအား တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေး နေအိမ်အဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ရာတွင် အိမ်ထောင်စုများအနေဖြင့် မိမိရပ်ရွာ၊ မိမိနေအိမ်မဟုတ်သည့်အတွက် လိုအပ်ချက်များစွာရှိနေမည်ကို သိရှိနားလည်စာနာပါကြောင်း၊ သို့ဖြစ်ပါ၍ လိုအပ်ချက်များရှိပါက ဖြည့်ဆည်း‌ဆောင်ရွက်ပေးနိုင်ရေး ယခုလိုလာရောက်တွေ့ဆုံ အားပေးရခြင်းဖြစ်ပါကြောင်း အားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စန်းကားယာယီစခန်းနေ အိမ်ထောင်စု(၅၀) တို့အတွက် နေအိမ်တန်းလျားများ တည်ဆောက်ရာတွင် ကုန်ကျခဲ့သည့် ငွေကျပ် (၁၂၂၆၇၆၀၀) အား စခန်းတာဝန်ခံထံ ထောက်ပံ့ပေးအပ်ရာ စခန်းတာဝန်ခံနှင့် တာဝန်ရှိသူများက ကျေးဇူးတင်ကြောင်းနှင့် စခန်းအတွက် လိုအပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်စားသောက်ရာတွင် လိုအပ်သည်များကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးက စန်းကားစခန်းနှင့် ကပ်လျက်တည်ရှိသည့်် ချီဖွေခရိုင်မှ ဌာနဆိုင်ရာဝန်ထမ်းများ ယာယီနေထိုင်ရာစခန်းအကြား ခြံဝင်းကာရံပေးနိုင်ရေးနှင့် စခန်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် စာဖတ်ဆောင် ဆောက်လုပ်နိုင်ရေးအတွက် ဝါးဝယ်ယူနိုင်ရေး ထောက်ပံ့ငွေကျပ်များကို ပေးအပ်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အားပေး စကားပြောကြားခဲ့ပြီး ပြည်နယ်မီးသတ်ဦးစီးဌာနက အိမ်ထောင်စုများအတွက် ဒေသထွက်နာနတ်သီးများကို ထောက်ပံ့‌ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါစန်းကားစခန်းနှင့် ကပ်လျက်တည်ရှိသည့်  မြေဧရိယာ၌ ချီဖွေခရိုင်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ဒေသခံများအတွက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစီအစဉ်ဖြင့် တည်ဆောက်ပေးထားသည့် ယာယီစခန်းအတွင်းလှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြောင်းရွေ့နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ နေအိမ်တန်းလျားများကြားတွင် လူသွားလမ်းအတွက် သဲကျောက်လမ်းခင်းပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)