သာစည် ဇူလိုင် ၁၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (community centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းက အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ စာရေးဆရာအောင်ပိုင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အာဇာနည်၏အဓိပ္ပာယ်၊ အာဇာနည်ခေါင်းဆောင် (၉)ဦး၏ အမည်နှင့် အာဇာနည်နေ့ အခမ်းအနား ကျင်းပပုံနှင့် လူငယ်နှင့်အာဇာနည် စိတ်ဓာတ်အကြောင်းများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ အာဇာနည် (၉) ဦး၏ မှတ်တမ်းဓာတ်ပုံများနှင့် သုတ၊ ရသစာအုပ်စာစောင်များကို စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)