မွန်ပြည်နယ်ဝန်ကြီးချုပ် မုဒုံမြို့နယ်၊ ကျုံဖိုက်ကျေးရွာရှိ SRI TRANG Co. Ltd ခရမ့်ရော်ဘာစက်ရုံနှင့် မော်လမြိုင်မြို့ စမ်းကြီးအင်းဝိုင်းရပ်ရှိ ခေတ်ဦးပန်းထိုးစက်ရုံသို့ ကွင်းဆင်းကြည့်ရှု

မော်လမြိုင် ဇူလိုင် ၁၈

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၁၆ ရက်နေ့နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကျုံဖိုက်ကျေးရွာရှိ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မတီမှ ခွင့်ပြုထားသော ဖက်စပ်နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းဖြစ်သည့် Singapore နိုင်ငံ SRI TRANG Co. Ltd နှင့် ဧရာဟသ်ာကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ခရမ့်ရော်ဘာစက်ရုံသို့ရောက်ရှိခဲ့သည်။

ဦးစွာ ရှင်းလင်းဆောင်တွင် လက်ထောက်စက်ရုံမှူး ဒေါ်မြကဗျာဟိန်းက စက်ရုံလည်ပတ်မှုအခြေအနေနှင့် ပြည်ပတင်ပို့မှုအခြေအနေ၊ ရော်ဘာပြားကုန်ကြမ်းရရှိမှုအခြေအနေတို့အား power point ဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ‌ဦးအောင်ကြည်သိန်းက SRI TRANG Co. Ltd ခရမ့်ရော်ဘာစက်ရုံလည်ပတ်မှုအတွက် လျှပ်စစ်မီးရရှိမှု၊ သုံးစွဲမှုအခြေအနေနှင့် မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးမှု အများဆုံးဒေသတစ်ခုဖြစ်ပြီး စိုက်ဧကပေါင်း (၅) သိန်းကျော်စိုက်ပျိုးနိုင်ခဲ့သည့်အတွက်  ပြည်တွင်း၊ ပြည်ပမှရော်ဘာအခြေခံသည့် ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကိုပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကောင်းမွန်သောစီးပွားရေးအခြေအနေကောင်းများ ပေါ်ထွန်းလာစေရေးနှင့် ပြည်သူများ စီးပွားရေးအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုကြောင်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် SRI TRANG Co. Ltd ခရမ့်ရော်ဘာစက်ရုံလည်ပတ်မှုအခြေအနေနှင့် ပြည်ပတင်ပို့ကုန်ရော်ဘာထုတ်လုပ်မှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကာ လက်ထောက်စက်ရုံမှူးနှင့် စက်ရုံမန်နေဂျာတို့က စက်ရုံလည်ပတ်မှုနှင့်ရော်ဘာအချောထည် အဆင့်ဆင့်ထုတ်လုပ်မှု၊ ပြည်ပတင်ပို့ကုန်အဖြင့် ထုတ်ပိုးမှုအခြေအနေတို့အား လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့ စမ်းကြီးအင်းဝိုင်းရပ်ရှိ ခေတ်ဦးပန်းထိုးစက်ရုံသို့သွားရောက်ပြီး စက်ရုံပိုင်ရှင်နှင့် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် သွင်းကုန်အစားထိုးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် အားပေးကူညီဆောင်ရွက်လျက်ရှိကြောင်း၊  ပြည်တွင်းရက်ကန်းလုပ်ငန်းများအတွက် အဆင့်မြင့်အရည်အသွေးပြည့်မီသော ချည်ထည်များ ထုတ်လုပ်နိုင်ရန်၊ အထည်ရက်လုပ်ငန်းများအတွက် လိုအပ်သည့်ချည်များကို ပြည်ပမှတင်သွင်းမှုကိုလျှော့ချပြီး ပြည်တွင်း၌ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ပေးရန်၊ အရည်အသွေး၊ ထုပ်ပိုးမှုစနစ်ကောင်းမွန်ပြီး ဈေးနှုန်းသက်သာစွာ ရောင်းချနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်းမှာကြားပြီး စက်ရုံအတွင်းရှိ ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါခြံအတွင်း ကျွဲကောပင်တန်းကြား ကွမ်းသီးပင်များ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)