ကလောမြို့နယ်၌ ပထမအကြိမ် ဓနုတိုင်းရင်းသားလူငယ်‌ရေးရာဖလားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကလော ဇူလိုင် ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပထမအကြိမ် ဓနုတိုင်းရင်းသားလူငယ်‌ရေးရာဖလားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကမ္ဘားနီကျေးရွာအားကစားကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဗိုလ်လုပွဲကို ဟဲဟိုးဓနု အသင်းနှင့်နန်းအွန် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲချိန်အပြီးတွင် တစ်ဖက် ၂ ဂိုးစီ သရေ ရလာဒ် ထွက်ပေါ်ခဲ့သဖြင့် ပင်နယ်တီဂိုးအဆုံးအဖြတ်ဖြင့် ကန်သွင်းခဲ့ရာ ဟဲဟိုးဓနုအသင်းက ၄ ဂိုး-နန်းအွန်အသင်းက ၂ ဂိုးဖြင့် ဟဲဟိုးဓနုအသင်း ပထမဆု ရရှိခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ ဓနုတိုင်းရင်းသား‌ရေးရာအဖွဲ့ချုပ် ဗဟိုနာယက ဦးမောင်မောင်၊ ဓနုတိုင်းရင်းသား‌ရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းလွင်ဦးနှင့် အဖွဲ့ဝင်များက ပထမဆုရရှိသည့် ဟဲဟိုးဓနုအသင်းအတွက် ဒိုင်းဆု‌၊ ငွေကျပ်သိန်းငါးဆယ်နှင့် တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်များ၊ ဒုတိယဆုရရှိသည့် နန်းအွန်ဓနုအသင်းအတွက် ငွေကျပ်သိန်းသုံးဆယ်နှင့် တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်များ၊ တတိယဆုရရှိသည့် ကမ္ဘားနီ(က) အသင်းအတွက် ငွေကျပ် သိန်းနှစ်ဆယ်နှင့် တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်များ၊ ပြိုင်ပွဲတွင် တစ်ဦးချင်းအကောင်းဆုံး ကစားသမားဆုများ၊ အရှေ့တန်း၊ အလယ်တန်း၊ အနောက်တန်း၊ အကောင်းဆုံး ဂိုးသမားဆုနှင့် ဂိုးအများဆုံး သွင်းနိုင်ဆုတို့ကို အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး၊ ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အဖွဲ့အစည်းများနှင့် အလှူရှင်များအား တာဝန်ရှိသူများက  ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ကလောမြို့နယ်ရှိ ဓနုတိုင်းရင်းသား ပြိုင်ပွဲဝင်(၂၄) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)