မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

အင်းစိန် ဇူလိုင် ၁၈

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၆ ရက်မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ()တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ) ဦးအောင်စောဝင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ ရန်ကုန်တိုင်းဒေသကြီးတွင်ကျင်းပမည့် ရွေးကောက်ပွဲကို ချွတ်ယွင်းအားနည်းချက်မရှိဘဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်၊ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ဖွဲ့စည်းပေးရန်ကျန်ရှိနေသည့် ခရိုင်/မြို့နယ်အဆင့် လုပ်ငန်းအဖွဲ့များ၏ အဖွဲ့ဝင် ဆရာ/ ဆရာမများ၊ ခရိုင်/မြို့နယ်အဆင့် နည်းပညာအထောက်အကူပြု အဖွဲ့များ ဖွဲ့စည်းရန် ဆရာ/ ဆရာမအင်အား၊ အမည်စာရင်းများကို တာဝန်ရှိသူများက အချိုးကျအင်အားအတိုင်း အမြန်ဆုံးပေးပို့ဆောင်ရွက်ရန်၊ မြို့နယ်အသီးသီးတွင် ဖွင့်လှစ်နေသည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)  ဆိုင်ရာသင်တန်းများကို အောင်မြင်စွာဖွင့်လှစ်နိုင်ရေး စနစ်တကျကြီးကြပ်ပြီး လိုအပ်ချက်များကို ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ကြရန်နှင့် MEVM စက်များ ထားသိုထိန်းသိမ်းရာတွင်လည်းကောင်း၊ ရွေ့ပြောင်းသယ်ဆောင်ရာတွင်လည်းကောင်း လုံခြုံမှုရှိစေရေးအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေး၊ လုံခြုံရေးဌာန/အဖွဲ့အစည်းအဆင့်ဆင့်က အထူးဂရုပြုဆောင်ရွက်ပေးကြရန် စသည်တို့ကိုပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ) ဦးအောင်စောဝင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျတို့က ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့အဖွဲ့ခေါင်းဆောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ကြီးကြပ်မှုအဖွဲ့လုပ်ငန်းတာဝန်များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များ၊ ဖွဲ့စည်းရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသော ကြီးကြပ်မှုအဖွဲ့အဖွဲ့ဝင်များက ဆွေးနွေးတင်ပြခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)