ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယာယီတာဝန်ထမ်းဆောင်လျက်ရှိသော သံတွဲခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသားဘောလုံးပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး

စစ်တွေ ဇူလိုင် ၁၉

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယာယီတာဝန်ထမ်းဆောင်လျက်ရှိသော သံတွဲခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်များ ယှဉ်ပြိုင်နေမှုကို တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ သမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြကာ စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်နိုင်ရန်အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်မြတ်ကြီးအား လှည့်လည်၍ဖူးမြော်ကြပြီး ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယာယီတာဝန်ထမ်းဆောင်လျက်ရှိသော သံတွဲခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံကြသည်။ တွေ့ဆုံပွဲတွင် သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ကျော်က သံတွဲခရိုင်၏ ဒေသဆိုင်ရာအချက်အလက်များ၊ ပုသိမ်မြို့တွင် ယာယီရုံးဖွင့်လှစ်၍ တာဝန်ထမ်းဆောင်နေမှု အခြေအနေများနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အထက်ဌာနများ၏ ညွှန်ကြားချက်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများအတွက် အခြေခံစားသောက်ကုန်များကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယာယီတာဝန်ထမ်းဆောင်လျက်ရှိသော သံတွဲခရိုင်အတွင်းရှိ ဝန်ထမ်းများအား အခွင့်အခါကြုံ၍ လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် လုံခြုံရေးဆိုင်ရာကိစ္စများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့် ကျောက်ဖြူမြို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး အားပေးစကားပြောကြားခြင်း၊ အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်းများကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့များရှိ ဝန်ထမ်းများနှင့် ဒေသပြည်သူများ အဆင်ပြေစေရန်အတွက် ရန်ကုန်မြို့မှ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို သင်္ဘောများ၊ လေကြောင်းလိုင်းများဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေများကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သင့်သလောက် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ ဒေသတစ်ခုသည် တည်ငြိမ်အေးချမ်းရန်၊ တရားဥပဒေစိုးမိုးရန် အလွန်အရေးကြီးကြောင်း၊ သို့မှသာ မိမိတို့နှင့်ဒေသခံပြည်သူများ၏ လိုအပ်ချက်ဖြစ်သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တည်ငြိမ်အေးချမ်းလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုသည် အလွန်အရေးကြီးသည်ကို ဝန်ထမ်းများအနေဖြင့်သိရှိပြီး မိမိတို့၏ပတ်ဝန်းကျင်ကို မျှဝေပေးကြစေလိုကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံတော်အပေါ်တွင် သစ္စာစောင့်သိပြီး ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ဒေသအခြေအနေအရ မည်သည့်နေရာတွင် ရောက်ရှိနေသည်ဖြစ်စေ ရခိုင်ပြည်နယ်၏တာဝန်၊ ရောက်ရှိနေသည့် ဒေသ၏တာဝန်များကို ကျေကျေပွန်ပွန် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ယခုပုသိမ်မြို့တွင် နေထိုင်ခြင်းသည် မိမိတို့ဒေသမဟုတ်သော်လည်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၏ စေတနာဖြင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် စုစည်းနေထိုင် တွေ့ဆုံခွင့်ရခြင်းဖြစ်ကြောင်း၊ လိုအပ်လာလျင်လည်း ဤဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း၊ အလားတူ ဝန်ထမ်းများအချင်းချင်း ညီညီညွှတ်ညွှတ်စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းနေထိုင်ကြပြီး မိခင်ဌာနများနှင့် လည်းချိတ်ဆက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုနည်းတူစွာ ဝန်ထမ်းများ၏မိသားစု ပညာရေး၊ ကျန်းမာရေးကိစ္စများကိုလည်း ဆောင်ရွက်သွားကြစေလိုကြောင်းနှင့် နိုင်ငံ၏တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ယင်း မိမိတို့ဘဝဖွံ့ဖြိုးတို့တက်ရေးအတွက် ဆက်လက်ကြိုးစား အားထုတ်သွားကြစေလိုကြောင်း ပြောကြားပြီး အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန၊ စုပေါင်းရုံးတွင် ယာယီရုံးဖွင့်လှစ်၍ တာဝန်ထမ်းဆောင်လျက်ရှိကြသော သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ကျိန္တလီမြို့နယ်နှင့် ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများ သို့သွားရောက်၍ ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အားကစားနှင့်ကာယပညာဦးစီးဌာရုံးခန်းမ၌ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်လျက်ရှိသော ရခိုင်ပြည်နယ်ကိုယ်စားပြု အုပ်ချုပ်၊ နည်းပြများ၊ အားကစားသမားများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားသမားများအနေဖြင့် ပြိုင်ပွဲတစ်လျောက် အားကစားစိတ်ဓာတ်ကို အရင်းခံကာ သန့်သန့်ရှင်းရှင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်ကို ကြားသိရ၍ ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ယခုယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲအတွေ့ အကြုံများ၏ အားနည်းချက်အားသာချက်များကို ပြန်လည်သုံးသပ်ပြီး ဆက်လက်ကြိုးစား သွားကြရမည်ဖြစ်ကြောင်း၊ အလားတူ ပြိုင်ပွဲအတွေ့အကြုံများ၊ ဧရာဝတီတိုင်းဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ ဒေသတည်ငြိမ်အေးချမ်းမှုများကို မိမိတို့ဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါတွင်လည်း မိမိတို့ဒေသ ဘောလုံးအားကစားတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှဝေပေးကြစေလိုကြောင်းနှင့် လာမည့်ပြိုင်ပွဲများနှင့် ရခိုင်ပြည်နယ်၏ အားကစားကဏ္ဍ တိုးတက်ရေးအတွက် ဆက်လက်ကြိုးစားသွားကြရမည် ဖြစ်ကြောင်းပြောကြားသည်။ ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ပြိုင်ပွဲဝင် အားကစားသမားများအား အားပေးစကားပြောကြားကြကာ ပြည်နယ်ဝန်ကြီးချုပ်က အားကစားသမားများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်အဖြစ် နေပြည်တော်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်နေမှုကို တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဦးစွာ ကွင်းအတွင်း၌ ကစားသမားများနေရာယူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့က ပြိုင်ပွဲဝင်အားကစား သမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ဆက်လက်၍ နေပြည်တော်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြရာ နေပြည်တော်အသင်းမှ ရခိုင်ပြည်နယ်အသင်းအား (၁)ဂိုး၊ ဂိုးမရှိဖြစ် ယှဉ်ပြိုင်အနိုင်ရရှိသွားကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)