ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း လှိုင်သာယာ(ရှေ့ပိုင်း)မြို့နယ်နှင့် တွံတေးမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

အင်းစိန် ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ဇူလိုင် ၁၅ ရက်နံနက်ပိုင်းက လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်နှင့် တွံတေးမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာ လူသွားပလက်ဖောင်းဆောင်ရွက်နေမှုနှင့် လူသွားပလက်ဖောင်းဆောင်ရွက်ရာတွင် ပလက်ဖောင်းနှင့်မလွတ်ကင်းသည့် လျှပ်စစ်မီးတိုင်များ ပြောင်းရွေ့နေမှုနှင့် ဆက်လက်ပြောင်းရွေ့ဆောင်ရွက်မည့်နေရာများ၊ လမ်းဘေးဝဲ/ယာ ရေးစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုနှင့် ရန်ကုန်-ပုသိမ်းလမ်း ဖြတ်သန်းစီးဆင်းသွားသည့် သောင်ကြားချောင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအား အချိန်တိုအတွင်းပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ပြီးစီးအောင်ဆောင်ရွက်ရန်၊ လမ်းဘေးဝဲ/ယာရေမြောင်းတစ်လျှောက် အမှိုက်များဆယ်ယူရှင်းလင်းရန်၊ မြက်ပင်ချုံနွယ်များရှင်းလင်းရန်၊ ရေးစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်းများဆောင်ရွက်ရန်နှင့် လမ်းနယ်နိမိတ်များ မှန်ကန်စေရေး မြေပုံ၊ မြေပြင်စနစ်တကျ တိုက်ဆိုင်စစ်ဆေးရန်စသည်တို့ကို မှာကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တွံတေးမြို့နယ်၊ တလုတ္ထော်ကျေးရွာအုပ်စု၊ မူးလမန်းကျွေးရွာတွင် တွံတေးတူးမြောင်းမှ တွံတေးမွေးမြူရေးဇုန်သို့ ဆိုလာစနစ်သုံးရေတင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တွံတေးတူးမြောင်းမှ တွံတေးမွေးမြူရေးဇုန်သို့ ရေတင်နိုင်ရေး စနစ်တကျ ဆောင်ရွက်ရန်၊ ဆိုလာများ အရည်အသွေးပြည့်မီစွာ အသုံးပြုနိုင်ရေး၊ ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေးနှင့် ပျောက်ဆုံးပျက်စီးမှုမရှိစေရေး စသည်တို့ကို မှာကြားခဲ့ပြီး ဆိုလာစနစ်တပ်ဆင်ထားမှုနှင့် ရေတင်ခြင်းလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က တွံတေးမြို့နယ်၊ တကလှဲ့ကျေးရွာအုပ်စုရှိ ရွှေနဂါးဓာတ်မြေဩဇာစက်ရုံသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက ထုတ်ကုန်များအကြောင်းနှင့် အကျိုးကျေးဇူးများ၊ ပေါင်းသတ်ဆေးအမှုန့်နှင့် ရွတ်ဖြန်းမြေဩဇာ PEPACKING ပြုလုပ်ပုံများ၊ သီးနှံအထွက်တိုး နိုက်ထရိုဂျင်မြေဩဇာပုလဲသာထုတ်လုပ်ပုံများ၊ အိတ်ချုပ်လုပ်ပုံများ၊ အမျိုးအစားအလိုက် အရည်အသွေးစစ်ဆေးပြီး ရောင်းချပုံနှင့် စက်ရုံလည်ပတ်နေမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)