မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် နောင်ချိုမြို့နယ်တွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား ရိက္ခာပစ္စည်းများနှင့် ဆိုလာမီးအိမ်များ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်

ချမ်းအေးသာစံ ဇူလိုင် ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စွမ်းစွမ်းတမံတာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နေရပ်စွန့်ခွာပြည်သူများအား ရိက္ခာပစ္စည်းများနှင့် ဆိုလာမီးအိမ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ပြင်ဦးလွင်တပ်နယ်မှူးနှင့် တပ်မတော်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြင်ဦးလွင် ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ကျောက်မဲခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း တပ်မတော်သားများ၏ စွမ်းစွမ်းတမံ သက်စွန့်ကြိုးပမ်းဆောင်ရွက်မှုဖြင့် တည်ငြိမ်အေးချမ်းမှု ရရှိလာကာ လုံခြုံရေးအခြေအနေများ ကောင်းမွန်လာပြီဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာ ပြည်သူများအနေဖြင့် မိမိနေရပ်သို့ ပြန်လည်နေထိုင်ခွင့်ရရှိပြီဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်၍ ပုံမှန်အတိုင်း လည်ပတ်နိုင်ရေး ဌာနအလိုက် တာဝန်ကျေပွန်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ တပ်မတော်သားများနှင့် လုံခြုံရေးအဖွဲ့များမှ တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြင်ဦးလွင်တပ်နယ်မှူးနှင့် တာဝန်ရှိသူများက စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နေရပ်စွန့်ခွာခဲ့ရသည့် ဒေသခံပြည်သူများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန် (၁၀၀၀)အိတ်၊ ဆီ (၅၀၀)ပိဿာ၊ ဆား (၂၀၀) ပိဿာ၊ ပဲ (၂၀၀) ပိဿာ၊ ငရုတ်သီးခြောက် (၅၀)ပိဿာ၊ ငပိ(၂၀၀)ပိဿာ၊ ခေါက်ဆွဲခြောက်( ၃၀၀)ဖာ၊ ဆိုလာမီးအိမ် (၃၀)လုံးကိုပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်