အင်းစိန် ဇူလိုင် ၁၇
စင်ကာပူနိုင်ငံ၌ ဇူလိုင်လ(၁၂)ရက်နေ့မှ ဇူလိုင်လ(၁၃)ရက်နေ့အထိ ကျင်းပခဲ့သော စင်ကာပူ တာတိုဖလား ကနူး/ ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup) တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့သည် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ အဖွဲ့ခေါင်းဆောင် ဒေါက်တာကျော်ရဲဟိန်း ဦးဆောင်၍ အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမား စုစုပေါင်း(၁၁)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေ(၁၀)ခု၊ ငွေ(၁)ခု၊ ကြေး(၄)ခု ဆွတ်ခူးရရှိကာ ဇူလိုင် ၁၄ ရက်ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
အဆိုပါ မြန်မာလှေလှော်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားသမားများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/ သင်တန်းသူများ၊ မိဘပြည်သူများနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
စင်ကာပူ တာတိုဖလား ကနူး/ ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)တွင် မြန်မာအပါအဝင် နိုင်ငံပေါင်း(၁၀)နိုင်ငံတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ မြန်မာလှေလှော်အဖွဲ့က ပြိုင်ပွဲပထမနေ့တွင် အမျိုးသားကနူးတစ်ယောက်လှော် မီတာ(၁၀၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ U-18 အမျိုးသားတစ်ယောက်လှော် မီတာ(၁၀၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ U-18 အမျိုးသား ကနူးတစ်ယောက်လှော် မီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ U-18 အမျိုးသား ကယက် တစ်ယောက် လှော် မီတာ(၅၀၀)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆု၊ ပြိုင်ပွဲဒုတိယနေ့တွင် အမျိုးသား ကနူးနှစ်ယောက်လှော် မီတာ(၂၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ အမျိုးသား ကနူးလေးယောက်လှော် မီတာ(၂၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ အမျိုးသား ကနူးတစ်ယောက်လှော် မီတာ(၂၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ U-18 အမျိုးသား ကနူးတစ်ယောက်လှော်မီတာ(၂၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ အမျိုးသား ကနူးတစ်ယောက်လှော် မီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ အမျိုးသား ကနူးနှစ်ယောက်လှော် မီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ အမျိုးသား ကနူးလေးယောက်လှော် မီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုနှင့် အမျိုးသား ကယက်လေးယောက်လှော် မီတာ(၅၀၀)ပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆုများကို အသီးသီးဆွတ်ခူးရရှိခဲ့ကြပြီး နိုင်ငံအလိုက် ပထမရရှိခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)