တာမွေမြို့နယ်၌ အမျိုးသမီးများအား တရားမဝင် လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ သွေးဆောင် ဖြားယောင်းခိုးယူမှုများ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေး ဟောပြောပွဲ ကျင်းပ

တာမွေ ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ အမျိုးသမီးရေးရာအဖွဲ့မှ စီစဉ်ကျင်းပသော ခရိုင်အတွင်းရှိ မြို့နယ်များမှ အမျိုးသမီးများအား တရားမဝင် လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ သွေးဆောင်ဖြားယောင်း ခိုးယူမှုများ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း “ဇွဲ”ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်း သီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး အမှတ် () လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်)မှ ရဲအုပ်သန်းထွေးက လူကုန်ကူးမှုနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်ဥပဒေရုံး၊ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်စုနန္ဒာဇော်မှ အမျိုးသမီးများနှင့် ပတ်သက်သည့် အခွင့်အရေးများ၊ အမျိုးသမီးများအား ကာကွယ် စောင့်ရှောက်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်၍လည်းကောင်း အသီးသီး အသိပညာပေး ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ အသိပညာပေး ဟောပြောခဲ့ကြသူများအား သင်္ဃန်းကျွန်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဒါလီမျိုးဦး၊ တာမွေမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းတင့်တို့က အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခန်းမအတွင်း ပြသထားသော တရားမဝင် လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ သွေးဆောင်ဖြားယောင်းခိုးယူမှုများအား ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒါလီမျိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းတင့်နှင့် အဖွဲ့ဝင်များ၊ တာမွေမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသူလေးများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

နိုင်လင်းအောင်( ပြန်/ဆက် )