ပြင်ဦးလွင် ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အနီးစခန်း အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းမှအဖွဲ့၀င် ဦးဟိန်းမင်းဦးက အာဇာနည်နေ့နှင့်ပတ်သက်သော ဗဟုသုတအကြောင်းအရာများကို လည်းကောင်း၊ခရိုင်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်ကြူကြူက “စာဖတ်ခြင်းအကျိုး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာစာပေ ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းက “လူမျိုးမြင့်ဖို့ စာဖတ်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမျိုးက ဟောပြောပွဲ ကျင်းပရသည့်အပေါ် ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် နံရံကပ်စာစောင်များ၊ သုတ၊ ရသစာစောင်များ ခင်းကျင်းပြသပေးသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၈၀၀)ဦး တက်ရောက်ခဲ့သည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)