ကျောက်ဆည် ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ လယ်ယာသုံးစက်ကိရိယာများကို အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှစက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှုပြဿနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တို အတွင်း စိုက်ဧကများစွာကို စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကိုရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာနမှ ကိုဘိုတာ(၆)တန်းသွား လက်စွဲကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်စက်များကို အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက လက်ပံကျေးရွာအုပ်စု ကွင်းအမှတ် (၁၁၅-ခ၊ ဦးပိုင်အမှတ် ၁၃၇/၁၃၈) တောင်သူ ဦးသိန်းဇော်ဌေး၏ လယ်မြေ(၃)ဧကတွင် သရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သရုပ်ပြပွဲတွင် ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးဦးရဲနောင်က ကိုဘိုတာ(၆)တန်းသွားကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်စက်များ အသုံးပြု၍ စပါးသီးနှံစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စက်ပိုင်းဆိုင်ရာအချက်အလက်များနှင့် စိုက်ပျိုးရာတွင် သတိပြုလိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သရုပ်ပြပွဲကို ဆက်လက်ကျင်းပခဲ့ရာ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးမိုးကျော်၊ မြန်မာ့လယ်ယာသုံးစက်ကိရိယာ စက်ရုံ (အင်းကုန်း)မှ စက်ရုံမှူးဦးမျိုးလွင်ဦး၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှဝန်ထမ်းများ၊ ဒေသခံစပါး စိုက်တောင်သူများ တက်ရောက်ခဲ့ပြီး စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)