မိုင်းစံ ဇူလိုင် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အိဇာချိုက ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ အလုပ်သမားပပျောက်ရေးရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့်အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားနှင့်စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များစသည့် သိကြောင်းစရာများကိုလည်းကောင်း၊ အနာဂတ်တွင်နိုင်ငံတော်မှအားထားရမည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအား ဗလ(၅)တန်းနှင့် ပြည့်စုံစေရန်၊ အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရန်၊ အမှား/အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်အတွက် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများကို ငယ်စဉ်ကတည်းက ဖန်တီးကြရေးစသည်တို့ကို ဟောပြောခဲ့ကြောင်း သိရသည်။
အိဇာချို(မိုင်းစံ၊ပြန်/ဆက်)