ပင်လုံ ဇူလိုင် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံအလယ်တန်းကျောင်း(ခွဲ)တွင် ဆောင်ရွက်ခဲ့သည်။
ကျောင်းကျန်းမာရေးသီတင်းပတ်ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လွိုင်လင်မြို့မှ ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်နီနီအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်ရေးအချက်အလက်များကောက်ယူ၍ ရောဂါရာဇဝင်နှင့် ကာကွယ်ဆေးထိုးနှံထားခြင်း ရာဇဝင်စစ်ဆေးခြင်း၊ ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံမှုအခြေအနေစစ်ဆေးခြင်း၊ အာဟာရနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေစစ်ဆေးခြင်းနှင့် တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်၍ လိုအပ်သည့် ဆေးဝါးများထုတ်ပေးကြောင်း သိရသည်။
ပင်လုံမြို့တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဇူလိုင်လ (၁၅) ရက်နေ့မှ စက်တင်ဘာလ (၂၁) ရက်နေ့ထိ မြို့အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျန်းမာရေးဝန်ထမ်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)