တောင်ဥက္ကလာပ ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် မီးသတ်ဦးစီးမှူးရုံး၌ ခရိုင်အဆင့် အဆင့်မြင့်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သင်တန်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၄ ရက်နေ့နံနက် (၉:၀၀)နာရီ အချိန်က တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းခရိုင် မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားတွင် ခရိုင်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်မှာ မီးလောင်မှုနှင့်သဘာဝဘေးအန္တရာယ်များကျရောက်ခဲ့ပါက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပရဟိတလူမှုရေးအသင်းအဖွဲ့ဝင်များမှ စည်းလုံးညီညွတ်စွာဖြင့် လူစွမ်းအား၊ ယာဉ်စက်စွမ်းအား၊ နည်းပညာစွမ်းအားတို့ဖြင့် ပြည်သူလူထု၏အသက် အိုးအိမ်စည်းစိမ်များဆုံးရှုံးမှု နည်းနိုင်သမျှနည်းပါးစေရေးအတွက် လျှင်မြန်စွာတုန့်ပြန်ဆောင်ရွက်နိုင်ရေးကို ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဦးဝင်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ မြို့နယ်များမှ ပရဟိတအသင်းအဖွဲ့ များမှ သင်တန်းသား(၅၀)ဦးတို့ဖြင့် ဇူလိုင်လ (၁၄)ရက်နေ့မှ (၂၅)ရက်နေ့အထိ ရက်သတ္တပတ် (၂) ပတ်ကြာ ခရိုင်အဆင့်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၅) အား ဖွင့်လှစ်လေ့ကျင့်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)