မြစ်သား ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင်(၁၄)ကြိမ်မြောက် ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲအောင် သံဃာတော်များအား ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ရွှေကွမ်းတောင်ဘုရားဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားကို ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာသူများက နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး မင်းကျောင်းစာသင်တိုက် မင်းကျောင်း ဦးဝေဠုရိယဆရာတော်မှငါးပါးသီလ ချီးမြှင့်တော်မူ၍ သြဝါဒကထာခံယူဆောက်တည်ကြပြီး ရွှေကွမ်းတောင်ဘုရား ပါရဟိတဝန်ဆောင်မှုအဖွဲ့ဥက္ကဋ္ဌ ဦးအေးကြူမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ပြည့်ဖြိုးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်သန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များမှ အလယ်တန်း အောင် စာဖြေသံဃာ ၁ ပါးကို ဝတ္ထုငွေ ၂၂၀၀၀၀ ကျပ်နှင့် သင်္ကန်း ၁ စုံ အားလည်းကောင်း၊ မူလတန်းအောင် စာဖြေ သံဃာ ၁၃ ပါး၊ သီလရှင် ၁ ပါး၊ စုစုပေါင်း ၁၄ ပါးကို တစ်ပါးလျှင် ဝတ္ထုငွေ ၆၅၀၀၀ ကျပ်နှင့် သင်္ကန်း ၁ စုံစီအား လည်း ကောင်းအသီးသီး ပေးအပ်လှူဒါန်းခဲ့ကာ မင်းကျောင်း ဦးဝေဠုရိယဆရာတော်မှ လှူဒါန်းမှူအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)