(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲနှင့်ပြိုင်ပွဲများပြုလုပ်

ကျောက်ပန်းတောင်း ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ပန်းတောင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယနံနက် ၁၀ နာရီက ကျောင်းသူ၊ ကျောင်းသားများအား (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် အာဇာနည်နေ့အထိမ်းအမှတ် ပြုလုပ်ရခြင်းကိုသိရှိစေရန် ကလေးငယ်များ ဉာဏ်ပညာစွမ်းရည် အတွေးအခေါ် စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန်၊ လူရှေ့သူရှေ့ ပြောရဲဆိုရဲ ရှိလာစေရန်အတွက် ယခုကဲ့သို့ ပြိုင်ပွဲများပြုလုပ်ရခြင်းဖြစ်ပြီး အလယ်တန်းအဆင့်ကဗျာ ရွတ်ပြိုင်ပွဲခေါင်းစဉ်ဖြစ်သည့်” ၁၉ဇူလိုင်မမေ့နိုင်ကဗျာ” အား ကျောင်းသူ၊ကျောင်းသား (၂၀) ဦး၊ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသူ၊ ကျောင်းသား (၂၀) ဦးက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက်အာဇာနည်နေ့ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲတွင် နှစ်ပေပတ်လည်ရှိ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ၏ ပုံတူဆီဆေးပန်းချီကားကြီးများနှင့် ၎င်းတို့၏ အထုပ္ပတ္တိများကိုရေးသားပြသထားပြီး၊ နံရံကပ်ဘုတ်ဖြင့် လူထုခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှတ်တမ်းဓာတ်ပုံများ ကို ပြသထားရာ ကျောင်းသား၊ကျောင်းသူလေးများနှင့် စာငှားပရိသတ်များ၊ အများပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာကြသည်။

(၇၈)နှစ်‌ မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဓာတ်ပုံနှင့်နံရံကပ်စာစောင်ပြပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း Grade-6၊ Grade-7၊ Grade-8 တို့မှ ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးနှင့် ကြီးကြပ်သူ ဆရာ/ဆရာမများ လာရောက်ကြည့်ရှုခဲ့ကြပြီး၊ အခြားကျောင်းများနှင့်ပြည်သူများ လေ့လာကြည့်ရှုနိုင်စေရန်အတွက် ပြခန်းကို ဇူလိုင်(၁၉)ရက်နေ့ ညနေ (၄)နာရီအထိ ဖွင့်လှစ်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သဲသဲ(ပြန်/ဆက်)