ချမ်းအေးသာစံမြို့နယ် အမှတ်( ၇)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပ

ချမ်းအေးသာစံ ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၇)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများကို ရင်းနှီးကျွမ်းဝင်စေရန်နှင့် အသိပညာဗဟုသုတများ သိရှိစေရန်အတွက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ၊ အသိပညာပေး ဟောပြောပွဲများကို စဥ်ဆက်မပြက် ကျင်းပဆောင်ရွက်ပေးလျက်ရှိသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာအုပ်စာပေများ ရင်းနှီးကျွမ်းဝင်စေရန်နှင့် အသိပညာဗဟုသုတများ ပြည့်ဝစေရန်အတွက် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသခဲ့ပြီး၊ လူငယ်များ၏ ဘဝတက်လမ်းကို ဖျက်ဆီးစေနိုင်သည့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးရေးနှင့် လူငယ်များ၏ ပညာရေးကိုထိခိုက်စေသည့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်