ချမ်းအေးသာစံ ဇူလိုင် ၁၈
ချမ်းအေးသာစံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ဆုတောင်းရမြတ်စွာဘုရားဝင်းအတွင်း၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်ဇနီး၊ ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဗိုလ်မှူးအေးလင်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြသည်။
ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်းကို “နမောတဿ”(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘန္ဒန္တဥူးဝိဓူရထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများသည် ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်ခဲ့ကြပြီး ဆရာတော်ဘန္ဒန္တဥူးဝိဓူရမှ ရေစက်ချတရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြကာ “ဗုဒ္ဓဿသနံ စိရံတိဋ္ဌတု”(၃) ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်