မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနားကျင်းပ

မက်မန်း ဇူလိုင် ၁၈

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင်ရောက်ရှိမည့် (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက ကျောင်းသား/ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံစေရန်နှင့် နိုင်ငံ၏နေ့ထူးနေ့မြတ်များကိုမမေ့နိုင်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲ၊ ပြပွဲများကျင်းပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားကာ အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိအကြောင်းအရာများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးချစ်စိတ်နှင့်လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်း၊ လူငယ်နှင့်ခေါင်းဆောင်ကဏ္ဍစသည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်/ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

အေဇက်ထွန်း(မက်မန်း)