မဟာအောင်မြေမြို့နယ် အ.မ.က( ၈) ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

မဟာအောင်မြေ ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၈) အခြေခံပညာမူလတန်းကျောင်း၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ်၊ အမှတ်(၈)အ.မ.ကကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဗိုလ်ထိန်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းကို အကျယ်တဝင့် ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင်းနုအေးက လူငယ်နှင့်စာပေ၏ အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဇော်မင်း