ချမ်းအေးသာစံ ဇူလိုင် ၁၈
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မှ ၂၀၂၅ ခုနှစ် မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်းစာမေးပွဲ၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ တို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ပြီး ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ ဝဋံသကာဘွဲ့ရနှင့် သာသနဓဇဓမ္မာစရိယ(အဂ္ဂမဟာအကျော်)အထူးအောင် သံဃာတော်များ အား ရွှေတံဆိပ်နှင့် စာအောင်ဂုဏ်ပြုလှူဒါန်းပူဇော်ပွဲ အခမ်းအနားကို ဇူလိုင်လ(၁၇)ရက်နေ့နံနက်ပိုင်းက မစိုးရိမ်တိုက်သစ်ရှိ ဓမ္မထေရိယသီရိရွှေစင်ကျောင်းတွင်ကျင်းပရာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်၊ ဓမ္မထေရိယသီရိရွှေစင်ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသရာဘိဝံသအမှူးပြုပြီး မစိုးရိမ်တိုက်သစ် နာယကဆရာတော်များ ကြွရောက်ချီးမြှင့်တော်မူခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် တာဝန်ရှိသူများ၊ အလှူရှင်များဖြစ်သည့် သုဓမ္မမဏိဇောတဓရ ဦးအောင်နိုင်ဆွေ + အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်မြင့်မြင့်နွယ်(သီရိရွှေစင် စိန်ရွှေရတနာဆိုင် မိသားစု) နှင့် ဖိတ်ကြားထားသည့် ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြကာ နမောတဿ ၃ ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ကို ဖွင့်လှစ်ခဲ့သည်။
၎င်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မဟာနာယကချုပ် ဆရာတော်ထံက (၈)ပါး သီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီးနောက် ဆရာတော်ကြီးထံသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင် သီရိရွှေစင် စိန်ရွှေရတနာဆိုင်မိသားစုတို့က ဝါဆိုသင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ၁၃၈၇ ခုနှစ် ဝါ ဆိုလဆန်း ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပခဲ့သော မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်း စာမေးပွဲတွင် သီးခြားစာသင်တန်း၊ သီးခြားစာချတန်းကို နှစ်မခြားဘဲ အောင်မြင်ခဲ့သော (၃၉)နှစ်ကြာမှ ပေါ်ထွန်းခဲ့သည့် (၁၀)ပါးမြောက် ပရိယတ္တိသာသနဟိတ ဓမ္မာစရိယဝဋံသကာဘွဲ့ရ မစိုးရိမ်တိုက်သစ်၊ ဓမ္မဝိနယရံသီကျောင်းမှ သက်တော်(၂၃)နှစ်၊ သိက္ခာတော်(၃)ဝါရှိ အရှင်ဃောသိတာလင်္ကာရာဘိဝံသနှင့် အစိုးရဓမ္မာစရိယစာမေးပွဲ၌ တစ်နိုင်ငံလုံးအမှတ် အများဆုံးဖြင့် အောင်မြင်ခဲ့သည့် သာသနဓဇ ဓမ္မာစရိယ(အဂ္ဂမဟာအကျော်)ဘွဲ့ရ မစိုးရိမ်တိုက်သစ်၊ ဓမ္မဝိနယရံသီကျောင်းမှ သက်တော်(၂၀)နှစ်၊ သိက္ခာတော်(၁)ဝါရှိ အရှင် ဇနကာလင်္ကာရတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် သီရိရွှေစင်စိန်ရွှေရတနာဆိုင်မိသားစုတို့က ရွှေတံဆိပ်နှင့် ဂုဏပူဇာ နဝကမ္မ ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းပူဇော်ခဲ့သည်။
၎င်းနောက် သီရိရွှေစင်စိန်ရွှေရတနာဆိုင်မိသားစုက အဘိဝံသ ပရိယတ္တိသာသနဟိတဓမ္မာစရိယ ဘွဲ့ရမစိုးရိမ်တိုက်သစ်မှအရှင်မြတ်(၃)ပါး ဖြစ်သည့် ဓမ္မသမိဒ္ဓိ(ဆွမ်း)ကျောင်းမှ အရှင်တေဇာနန္ဒာဘိဝံသ၊ ဓမ္မဝိနယရံသီ ကျောင်းမှအရှင်ဓမ္မာနန္ဒာလင်္ကာရာဘိဝံသနှင့် အရှင်သူရိယာလင်္ကာရာဘိဝံသ၊ အစိုးရဓမ္မာ စရိယစာမေးပွဲတွင် ဒုတိယအမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သည့် သာသနဓဇဓမ္မာစရိယဘွဲ့ရ၊ ဓမ္မထေရိယကျောင်းမှ အရှင်ဉာဏဝရ၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ပထမလတ်တန်းကို တစ်နိုင်ငံလုံး အမှတ်အများဆုံး(ပထမ)ဖြင့် အောင်မြင်ခဲ့သည့် ရှင်ကောဝိဒ၊ အခြေပြု မူလတန်းတွင် တစ်နိုင်ငံလုံးတတိယဖြင့် အောင်မြင်ခဲ့သည့် အရှင်ဣန္ဒကတို့အား ဂုဏပူဇာနဝကမ္မဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းပူဇော်ခဲ့သည်။
ဆက်လက်၍နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ၊ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသဆရာတော်ထံက အနုမောဒနာတရား နာယူ ကြည်ညို၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေးပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း၊ ယနေ့အခမ်းအနား၌ ရွှေတံဆိပ်အပါအဝင် လှူဒါန်းမှု စုစုပေါင်းတန်ဖိုးငွေ ကျပ်သိန်း(၈၀၀)ကျော် လှူဒါန်းခဲ့ကြောင်းနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်