မိတ္ထီလာမြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲ ကျင်းပ

မိတ္ထီလာ ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စပါးမျိုးစေ့ချကိရိယာ (10-Rows Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့နယ် တောမကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာရှိ ဦးပိုင်အမှတ် ၂၀၊ ကွင်းအမှတ် ၈၅၅ ရှိ တောင်သူ ဦးချစ်လှိုင်၏ စိုက်ဧကတစ်ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်အတွင်း ဒေသခံတောင်သူများ စပါးမျိုးစေ့ချ ကိရိယာကို တွင်ကျယ်စွာအသုံးပြုနိုင်ရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်နိုင်စေရေး၊ လုပ်သားအင်အား ရှားပါးမှုပြဿနာ ဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း  စိုက်ဧကများကို စိုက်ပျိုးနိုင်ခြင်းနှင့် စပါးအထွက်နှုန်းကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာ ရရှိစေရန်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စပါးမျိုးစေ့ချကိရိယာ (10- Rows Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကျင်းပရာ ၎င်းသရုပ်ပြပွဲတွင် မိတ္ထီလာခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်သန်းက မျိုးစေ့ချကိရိယာအသုံးပြု၍ စိုက်ပျိုးရာတွင် စိုက်ခင်းလယ်မျက်နှာပြင် ညီညာရန်လိုအပ်ခြင်း၊ မျိုးစေ့နှုန်းထားအနည်းငယ်ဖြင့် စပါးအထွက်နှုန်းကောင်းမွန်စေခြင်း၊ တစ်ဧကကောက်ကွက်ပြည့်မီခြင်း၊ အချိန်အတိုအတွင်း စိုက်ဧကများစွာ စိုက်ပျိုးနိုင်ခြင်း၊ ရာသီဥတုပြောင်းလဲလာသည်တို့မှာ အချိန်မီအခါမီ စိုက်ပျိုးနိုင်ခြင်းနှင့် စပါးမျိုးစေ့ချကိရိယာစက်မှုပိုင်းဆိုင်ရာတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသရုပ်ပြပွဲသို့ ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများက တက်ရောက်ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)