စဉ့်ကိုင် ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ယမန်နေ့နံနက် (၉) နာရီက ရန်အောင်မြင်ရပ်ကွက် မြို့နယ်ခန်းမအတွင်း၌ ဆက်လက်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းကို သင်တန်းနည်းပြဆရာများမှ အီလက်ထရောနစ်မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ် မဲပေးစက်များစစ်ဆေးခြင်း၊ ရွေးကောက်ပွဲနေ့မတိုင်မီ မဲရုံတွင် မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် စမ်းသပ်မဲပေးခြင်း၊ မဲပေးချိန်တွင် မဲပေးစက်များ ကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ်ရန်အခြေအနေ၊ မဲရေတွက်ခြင်း၊ မဲပေးနေစဉ်အတွင်း အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါကဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆန္ဒမဲဖြတ်ပိုင်းများ ရေတွက်ရမည့်အခြေအနေ စသည့်အကြောင်းအရာများကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိသည်။
စဉ့်ကိုင်မြို့နယ်အနေဖြင့် ယင်းသင်တန်းကို (၁-၇-၂၀၂၅) ရက်နေ့မှစတင်၍ (၃၀-၇-၂၀၂၅) ရက်နေ့ အတွင်း သတ်မှတ်ရက်များအလိုက် သင်တန်း (၁) ကြိမ်လျှင် (၂) ရက်နှုန်းဖြင့် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့လျက်ရှိရာ ယခု (၇) ကြိမ်မြောက် သင်တန်းတွင် သင်တန်းသား (၄၀) ဦးအား သင်ကြားပို့ချပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကျော်စွာ(စဉ့်ကိုင်) (၃၉၉)