မိုင်းကိုင်မြို့နယ်၌ လက်ဆွဲကောက်စိုက်စက်အသုံးပြု၍ စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ကျင်းပ

မိုင်းကိုင် ဇူလိုင် ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လက်ဆွဲကောက်စိုက်စက်အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့ မနက်ပိုင်းက ဆင်ခြေဖုန်းမြောက်ကျေးရွာအုပ်စု၊ ကွင်းအမှတ်-၉၊ ဦးပိုင်အမှတ်-၃၇၊ တောင်သူဦးစိုင်းမွမ်းလောဝ်၏ လယ်မြေတစ်ဧကနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲသွေးကျော်က တန်ဖိုးနည်းလက်ဆွဲ ကောက်စိုက်စက်အသုံးပြုသည့်နည်းလမ်းများ၊ စက်ကိုအသုံးပြု၍စိုက်ပျိုးခြင်းဖြင့် စပါးမျိုးသက်သာပြီး သီးနှံအထွက်တိုးစေခြင်း၊ လယ်ယာလုပ်သားရှားပါးမှု ပြဿနာဖြေရှင်းနိုင်ခြင်း၊ တစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်ပိုမိုရရှိစေခြင်း၊ စက်တစ်စင်း၏ တစ်ရက် စိုက်ပျိုးပြီးစီးမှုမှာ သုံးဧကနှင့်အထက်ဖြစ်သည့်အတွက် အချိန်ကုန်သက်သာစေခြင်းစသည့် အကျိုးကျေးဇူးများစွာရရှိစေသည့်အတွက် ဒေသခံတောင်သူများအနေဖြင့် ကောက်စိုက်စက်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာနိုင်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးပြီးနောက် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက ဦးဆောင်ကာ လက်ဆွဲကောက်စိုက်စက်ဖြင့်  ကွင်းသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းသရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးအရာရှိ  ဦးရဲသွေးကျော်နှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သွယ်သွယ်အောင်နှင့် ရွှေလွိုင်လိုင် လယ်ယာစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း၏ အသင်းသားတောင်သူများ၊ ဒေသခံတောင်သူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)