ဥတ္တရသီရိ ဇူလိုင် ၁၈
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး တောင်သူများနှင့်တွေ့ဆုံ ခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့်တာဝန်ရှိသူများလိုက်ပါလျက် ရွှေနံ့သာရပ်ကွက်အနီး ပျဉ်းမနား-တောင်ညိုလမ်းမကြီးဘေးတွင် မိုးရာသီသစ်ပင်စိုက်ပျိုးထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ မြို့နယ်အတွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဝင်က နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာကဏ္ဍအခြေခံဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ထုတ်လုပ်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အရည်အသွေးကောင်းမွန်သောသီးနှံများ၊ မျိုးကောင်း၊ မျိုးသန့်များစိုက်ပျိုးနိုင်ရေးနှင့် သား၊ ငါးကဏ္ဍများဖွံ့ဖြိုးလာစေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံများရာသီပြည့်စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီအောင်ဆောင်ရွက်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများတိုးခဲ့စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာကိုတောင်သူများကိုယ်တိုင်ပြုလုပ် သုံးစွဲနိုင်ရေး၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာကိုအချိန်ကိုက် အချိုးကျရောစပ်သုံးစွဲနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စိုက်ပျိုးဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ အချိန်ကိုက်ဆောင်ရွက်နိုင်ရေး၊ မြေအောက်ရေတင်စနစ်ဖြင့် ရာသီပြည့်သီးနှံများစိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဆက်စပ်ဌာနများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရေး၊ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထောက်ပံ့ပေးအပ်သော မျိုးစပါးများနှင့်သွင်းအားစုများကို တောင်သူများအား ပေးအပ်ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် တာဝန်ရှိသူများလိုက်ပါလျက် ကွင်းအမှတ်(၁၈၉၅)တွင် ဆင်လူးငန်းစပ်ကန်မှ မိုးစပါးစိုက်ပျိုးရန် ရေပေးဝေနေမှုအခြေအနေများ၊ ကွင်းအမှတ်(၁၈၈၅) တောင်သူဦးထွန်းဝေ၏လယ်မြေ၌ နွေစပါး(ထိုင်းနှံကောက်စပါးမျိုး) ရိတ်သိမ်းနေမှုအခြေအနေများနှင့် ကွင်းအမှတ်(၁၈၇၈)တွင် ဧက ၅၀ စိုက်ပျိုးရန် (ပေါ်ဆန်းစပါးမျိုး) ပျိုးထောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် နေပြည်တော်ကောင်စီမှ ဥတ္တရသီရိမြို့နယ်အတွင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအသုံးပြုရန် ထောက်ပံ့ပေးအပ်သော ထွန်စက်ကြီးအား စမ်းသပ်မောင်းနှင်နေမှုကိုကြည့်ရှုအားပေးပြီး ထွန်းစက်ဆိုင်ရာစာရွက်စာတမ်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)