မိုင်းဆတ်မြို့နယ်၊ ဟွေပူ-ပိန်းဆာ-ပိန်းခမ်း-လွယ်ကျန့်မော်လမ်းရှိ ပိန်းဆာ(၂) ကျမူးကျေးရွာချင်းဆက် ကွန်ကရစ်တံတား ပြုပြင်ဆောင်ရွက်လျက်ရှိ

မိုင်းဆတ် ဇူလိုင် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်း ဇူလိုင် ၁၆ ရက်နေ့က မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများကျဆင်းသဖြင့် မိုင်းဆတ်မြို့နယ်၊ ဟွေပူ-ပိန်းဆာ -ပိန်းခမ်း-လွယ်လျန့်မော်လမ်းရှိ လွယ်လန်းကျေးရွာအုပ်စု ပိန်းဆာ(၂) ကျမူးကျေးရွာချင်းဆက်  ကွန်ကရစ်တံတားပျက်စီးခဲ့ရာ ယခုအခါ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပိန်းဆာ(၂) ကျမူးကျေးရွာချင်းဆက် ကွန်ကရစ်တံတားသည် အလျား ၁၄ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၈ ပေရှိပြီး ၂၀၁၉ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်ဘဏ္ဍာရန်ပုံငွေကျပ် ၄၅ သိန်းဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆတ်မြို့ နယ်အတွင်း ဇူလိုင် ၁၆ ရက်နေ့က မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တောင်ကျရေများကျဆင်းသဖြင့် ကွန်ကရစ်တံတားအောက်ခြေတိုက်စားခြင်း၊ ချဉ်းကပ်လမ်းတစ်ဖက်မြေထိန်းနံရံ ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယာဉ်များဖြတ်သန်းသွားလာရာတွင် အန္တရာယ်ရှိသဖြင့် ဒေသခံပြည်သူများစုပေါင်းကာ ယာယီဖြတ်သန်းသွားလာနိုင်ရေးအတွက် စုပေါင်းပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းကွန်ကရစ်တံတားအား ပြန်လည်တည်ဆောက်သွားနိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ရန်ပုံငွေတင်ပြတောင်းခံနိုင်ရေး တာဝန်ရှိသူများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)